ကော့သောင်း အောက်တိုဘာ ၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန၊ ကော့သောင်းမြို့နယ်၊ (၁၀)မိုင် စိုက်ပျိုးရေးဥယျာဉ်ခြံတွင် ကြားသီးနှံ (ဝဥ၊ ငရုတ်ကောင်း၊ ဟင်းသီးဟင်းရွက်) စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ရာ သရုပ်ပြပွဲသို့ ကော့သောင်း ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး၊ ပိုးမွှားထိန်းချုပ်ရေးစခန်း တာဝန်ခံ၊ ခြံဦးစီးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ၊ မြို့နယ်စာရင်းစစ်ဦးစီးမှူး၊ (၁၀)မိုင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ အကျိုးဆောင်တောင်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးဦးမြင့်ဇော််က အဖွင့်အမှာစကားပြောကြားပြီး (၁၀) မိုင် ဥယျာဉ်ခြံဦးစီးမှူး ဒေါ်ရီရီစိန် က ကြားသီးနှံ (ဝဥ၊ ငရုတ်ကောင်း၊ ဟင်းသီးဟင်းရွက်) စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲ ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ နှစ်ရှည် သီးနှံများကြားတွင်ဖြစ်စေ၊ ဥယျာဉ်ခြံသီးနှံ စိုက်ခင်းကြားတွင်ဖြစ်စေ ကြားသီးနှံ ထည့်သွင်း စိုက်ပျိုးခြင်းသည် မြေကွက်လပ်မကျန် စိုက်ပျိုးနိုင်ပြီး တစ်ယူနစ်ဧရိယာအပေါ် အပြည့်အဝ အသုံးချဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် တောင်သူများသည် အဓိကသီးနှံ မထွက်ရှိသေးခင် ကြားသီးနှံ စိုက်ပျိုးခြင်းမှ အပိုဝင်ငွေများရရှိလာမည်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရာ ရောက်ပြီးမြေဆီလွှာကို မိုးရေတိုက်စားမှုများမှကာကွယ်ပေးနိုင်သည့်အပြင် သဘာဝ ပတ်ဝန်းကျင် စိုက်ပျိုးရေးဂေဟစနစ်ကို ထိန်းညှိပေးနိုင်သည့် အကျိုးကျေးဇူးများ ရရှိမည် ဖြစ်ပါကြောင်း၊ အဆိုပါကွင်းသရုပ်ပြပွဲကို နှစ်ရှည်ပင် ဥယျာဉ်ခြံတွေမှာ အခြား ဝင်ငွေရ ဥယျာဉ်ခြံ သီးနှံတွေ စိုက်ပျိုးတတ်လာစေရန်၊ ကြားသီးနှံအဖြစ် စိုက်ပျိုးသည့်အခါ စိုက်ပျိုးထိန်းသိမ်း နည်းစနစ်များကို တောင်သူများသိရှိလာနိုင်စေရန်၊ ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် တစ်ဖက်တစ်လမ်းမှထောက်ပံ့ဖြည့်ဆည်းနိုင်ရန်နှင့် မြေဧရိယာချဲ့ထွင်သည့်အခါ အကန့်အသတ် ရှိသည့် နေရာများမှာ မြေတစ်ယူနစ်ဧရိယာကို အပြည့်အဝ သုံးစွဲတတ်လာစေရန်နှင့် တောင်သူ များ တစ်နှစ်ပတ်လုံး ဝင်ငွေရရှိကာ လူမှုစီးပွားဘဝ တိုးတက်လာစေရန် "စသည့် ရည်ရွယ်ချက်(၅)ရပ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှပညာရှင်ဝန်ထမ်းများနှင့်ပေါင်းစပ်ကာ အချိန်မရွေး နည်းပညာ ပိုင်းဆိုင်ရာ သိလိုသည်များ မေးမြန်းဆွေးနွေးနိုင်ပါကြောင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနကလည်း တောင်သူများဒေသခံပြည်သူများ၏ အကျိုးစီးပွားမြှင့်တင်ရေးကို တစ်ဖက်တစ်လမ်းကနေ ပါဝင်စွမ်းဆောင်အားဖြည့်ဖို့ အမြဲအသင့်ရှိနေပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ (၁၀) မိုင် ဥယျာဉ်ခြံဦးစီးမှူးနှင့် တာဝန်ရှိသူများက ဥယျာဉ်ခြံအတွင်း ကြားသီးနှံ ( ဝဥ၊ ငရုတ်ကောင်း၊ ဟင်းသီးဟင်းရွက် ) သီးနှံများ လက်တွေ့စိုက်ပျိုးကွင်းသရုပ်ပြခဲ့ပြီး တက်ရောက်လာကြသူများက ပူးပေါင်းပါဝင်အားဖြည့် ဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် (၁၀)ဥယျာဉ်ခြံဦးစီးမှူးက ဉယျာဉ်ခြံအတွင်း ကြားသီးနှံများ စိုက်ပျိုးထားရှိမှုများအား လိုက်လံရှင်းလင်းပြသခဲ့ရာ တာဝန်ရှိသူများနှင့် အကျိုးဆောင်တောင်သူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရူပါမြင့် (ပြန်/ဆက်)