သဲကုန်း အောက်တိုဘာ ၂
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ယမန်နေ့က ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ် ကပ်ထားကြေညာလျက်ရှိသည်။
မဲစာရင်းကပ်ထားကြေညာရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဥ်ထွေး၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိကိုယ်တိုင် မဲစာရင်းကို လာရောက်ကြည့်ရှုနိုင်ပြီး မဲစာရင်းတွင် မိမိနာမည်မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် လျှောက်ထားတင်ပြနိုင်ခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်နိုင်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ရာ လိုအပ်သော အချက်အလက်ပုံစံများကိုလည်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ထုတ်ယူနိုင်ပြီး အဆိုပါ မဲစာရင်းများကို စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၁၃ ရက်နေ့ထိ ကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရသည်။
သဲကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအနေဖြင့် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ (MEVM) စက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးနည်းအသုံးပြုပုံ/ အသုံးပြုနည်းများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုကျော်(ပြန်/ဆက်)