ပွင့်ဖြူ အောက်တိုဘာ ၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း ဆန်စပါးစားနပ်ရိက္ခာ ဖူလုံစေရေးအတွက် မဲဇလီရေလွှဲဆည်ရေဖြင့် တစ်မြို့နယ်လုံး မိုးစပါးသီးနှံ ၇၀၀၀၃ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရပြီး ယခုအခါ ဒေသခံတောင်သူများက မိုးစပါးစိုက်ခင်းများကို သီးနှံအထွက်နှုန်းကောင်းမွန်စေရန်အတွက် ပေါင်းနုတ်ခြင်း၊ မြေဩဇာကျွေးခြင်း၊ မျိုးကွဲပယ်ခြင်းနှင့် ပိုးမွှားရောဂါ မကျရောက်စေရန် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ကြိုးပမ်းလုပ်ဆောင်နေကြကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ မိုးစပါးသီးနှံအထွက်နှုန်းကောင်းမွန်ရေးအတွက် ဆောင်ရွက်ရာတွင် ဒေသတွင်းရှိ တောင်သူများအား စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံကွင်းဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်ပြီး မိုးစပါးသီးနှံ အထွက်တိုးရေးလုပ်ဆောင်ရမည့် စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် ဆာဖိုးသာ၊ ဧရာမင်း၊ ရတနာတိုး၊ မနောသုခ၊ ဆင်းသုခ၊ ဧရာပဒေသာ ၊ ပေါ်ဆန်းရင်၊ ပခန်းရွှေဝါ၊ ချမ်းမြေ့မေ၊ ဆင်းသိင်္ဂီ စတဲ့ စပါးမျိုးများကို စီးပွားဖြစ်စိုက်ပျိုးကြကြောင်းနှင့် စိုက်ပျိုးရေအဆင်ပြေမှုကြောင့် မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။
"ဒီနှစ် မိုးစပါးစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ဆန်စပါးစားနပ်ရိက္ခာ ဖူလုံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေဖို့အတွက် မဲဇလီရေလွှဲဆည်ရေနဲ့ စိုက်ပျိုးထားရှိတဲ့ မိုးစပါးစိုက်ခင်းတွေဟာ စိုက်ပျိုးရေ လုံလောက်စွာရရှိတဲ့အတွက် အောင်မြင်ဖြစ်ထွန်းလျက်ရှိပါတယ်။ ယခုဆိုရင် တောင်သူတွေက မိုးစပါးစိုက်ခင်းတွေကို သီးနှံအထွက်နှုန်း ကောင်းမွန်စေဖို့အတွက် ပေါင်းနုတ်ခြင်း၊ မျိုးကွဲနုတ်ပယ်ခြင်း၊ ပိုးမွှားရောဂါ မကျရောက်စေဖို့ ပိုးသတ်ဆေးဖျန်းခြင်း၊ မြေဩဇာကျွေးခြင်း စတဲ့မိုးစပါးသီးနှံအထွက်တိုးရေး လုပ်ငန်းများကို ကြိုးပမ်း လုပ်ဆောင်နေကြပါတယ်။ ယခုနှစ်မှာ တစ်မြို့နယ်မိုးစပါးစိုက်ဧက ၆၉၉၉၉ ဧက လျာထားစိုက်ပျိုးခဲ့ရာ မြေပြင်စိုက်ဧက ၇၀၀၀၃ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်သည် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဆည်ရေသောက်ဧရိယာ အများဆုံးဖြစ်၍ နှစ်စဉ်ဆန်စပါးသီးနှံ အများဆုံးစိုက်ပျိုးနိုင်သည့် မြို့နယ်တစ်ခုဖြစ်ကာ ယခုနှစ်မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင်လည်း တစ်မြို့နယ်လုံး မိုးစပါးသီးနှံ ၆၉၉၉၉ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ မြေပြင်စိုက်ပျိုးဧက ၇၀၀၀၃ ဧက စိုက်ပျိုးပြီးစီးခဲ့သဖြင့် သတ်မှတ်လျာထားချက်ဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှသိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )