ပြည်မြို့၌ Digital Marketing Course သင်တန်းဖွင့်လှစ်

ပြည် အောက်တိုဘာ ၂

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် UNECMM နည်းပညာကုမ္ပဏီတို့ပူးပေါင်း၍  စက်တင်ဘာလ ၃၀ ရက်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ Digital Marketing Course သင်တန်းဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက အမှာစကားပြောကြားပြီး UNECMM နည်းပညာကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးနိုင်ထက်လင်းက Digital Marketing ဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းများနှင့် Personal Brand တည်ဆောက်နည်းများ၊ YouTube, TikTok, Facebook အစရှိသည့် ဆိုရှယ်မီဒီယာပလက်ဖောင်းများမှတဆင့် လူမှုဘဝစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်  Digital Marketing ပညာရပ်ကို စနစ်တကျအကျိုးရှိစွာ အသုံးပြုနည်းများနှင့် လိုက်နာဆောင်ရွက်သင့်သည့် ကျင့်ဝတ်စည်းကမ်းများနှင့် ဆောင်ရန်/ရှောင်ရန်သိမှတ်ဖွယ်ရာအကြောင်းများအပါအဝင် ထိရောက်လွယ်ကူသည့် Video editing ပြုလုပ်နည်းနှင့် AI နည်းပညာအကြောင်းများကို စာတွေ့/လက်တွေ့ပို့ချဆွေးနွေးခဲ့ရာ သင်တန်းတက်ရောက်သူများက သိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။

အဆိုပါသင်တန်းသို့ ပြည်ခရိုင်အတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်နှင့်မြို့နယ်ရုံးများမှ အရာထမ်း၊ အမှုထမ်းသင်တန်းသား/ သင်တန်းသူစုစုပေါင်း ၂၀ တက်ရောက်ကြောင်းသိရသည်။

ကိုဆက်(ပြန်/ဆက်)