မအူပင်တက္ကသိုလ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲ အခမ်းအနားကျင်းပ

မအူပင် အောက်တိုဘာ ၂

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မအူပင်တက္ကသိုလ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အာစရိယပူဇော်ပွဲအခမ်းအနားအား အောက်တိုဘာ ၂ ရက်နေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မအူပင်တက္ကသိုလ်ဆရာ၊ ဆရာမများက ဧရာဝတီ၏အလှပန်းတို့ တက္ကသိုလ်ရိပ်နန်းသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး မြတ်ဆရာသီချင်းဖြင့် ဆီမီးများ ထွန်းညှိပူဇော်သည်။ ဆက်လက်၍ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ပြီး ပါမောက္ခချုပ်ဆရာမကြီးနှင့် ပါမောက္ခဆရာကြီး၊ ဆရာမကြီးများမှ အပူဇော်ခံဆရာကြီး၊ ဆရာမကြီးများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြရာ ဆရာကြီး၊ ဆရာမကြီးများမှ ဩဝါဒဆုပေးစကားများ ပြောကြားခဲ့ကြသည်။ ယင်းနောက် မအူပင်တက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီနီဦးမှ ဆရာကြီး၊ ဆရာမကြီးများအား ဂါရဝပြုနှုတ်ဆက်စကားပြောကြားခဲ့သည်။

အဆိုပါ အာစရိယပူဇော်ပွဲအခမ်းအနားသို့ မအူပင်တက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီနီဦး၊ ဌာနအသီးသီးမှ ဆရာ၊ ဆရာမများ စီမံခန့်ခွဲ‌ရေးဌာနမှဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)