သာယာဝတီ အောက်တိုဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အထွေထွေ ရွေးကောက်ပွဲတွင်အသက်၁၈နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ခွင့်ရှိစေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းမှစ၍ တပြိုင်နက်တည်း ထုတ်ပြန် ကြေညာထားရာ ဒေသခံပြည်သူများ မဲဆန္ဒရှင်စာရင်းများကို လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
အဆိုပါ မဲစာရင်းများကို စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ပထမအကြိမ်အဖြစ် ကပ်ထားကြေညာမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာစဉ် မဲဆန္ဒရှင်များက မဲစာရင်းလာရောက်ကြည့်ရှုမှသာ ပြည့်စုံမှန်ကန်သော မဲစာရင်းရရှိနိုင်မည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းကိုလာရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်းတွင်မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုအပ်သောပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူနိုင်ကြောင်း၊ ထိုသို့ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးပါက အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို နိုဝင်ဘာလအတွင်းတွင် နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ခရိုင် (ပြန်/ဆက်)