နတ်မောက်မြို့နယ်တွင် လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းများ ကြေညာ

နတ်မောက်  အောက်တိုက်ဘာ ၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်များအား စက်တင် ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတို့တွင် ကြေညာဘုတ်များဖြင့် ကြေညာထားရှိမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါမဲဆန္ဒရှင်စာရင်းများအား ၂၀၂၅ ခုနှစ် စက်တင်ဘာ(၃၀)ရက်နေ့မှ အောက်တိုဘာ (၁၃)ရက်နေ့အထိ ရက်သတ္တပတ်(၂)ပတ်ကြာ ကပ်ထားကြေညာမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင် စာရင်းတွင် မိမိအမည် မပါရှိပါက ပုံစံ(၃)ဖြင့် တောင်းဆိုရမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ရမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရှင်းတွင် မိမိနာမည်၊ မှတ်ပုံတင်အမှတ်၊ အဘအမည် အစရှိသည်များ မှားယွင်းနေပါက  ပုံစံ ၄ (က)ဖြင့်ပြင်ဆင် ရမည်ဖြစ်ကြောင်းသိရသည်။ အထက်ပါပုံစံများအား ရပ်ကွက်၊ ကျေးရွာကော်မရှင်ခွဲများထံတွင် အခမဲ့ ထုတ်ယူနိုင်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိထံမှသိရသည်။

ဥမ္မာခင်