မင်းလှ အောက်တိုဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင်၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်းများဖြစ်သော ပုံစံ (၁)၊ (၁- က) များကို ကပ်ထား ကြေညာလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
အဆိုပါမဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းများကို စက်တင်ဘာလ(၃၀)ရက်မှ အောက်တိုဘာ (၁၃)ရက်အထိ (၁၄)ရက်ကြာ ကြေညာပေးထားမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မဲစာရင်းကိုလာရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃)ဖြင့် မဲစာရင်းတွင်အမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လိုအပ်သောပုံစံများကိုလည်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ ထုတ်ယူနိုင်ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် ရပ်ကွက်/ကျေးရွာပေါင်း(၆၆) အုပ်စုရှိရာ ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူ(၁၀၅၇၅၂)ဦး၊ မဲရုံပေါင်း(၁၀၈)ရုံလျာထား ဆောင်ရွက်ထားရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ပေါက်စ(မင်းလှ)