ပွင့်ဖြူ အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော မြေပဲစိုက်ခင်းများအားလုံး ရာနှုန်းပြည့် နုတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် မြေပဲ ၅၂၆၇ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါ မြေပဲစိုက်ခင်းများကို တောင်သူများက ယခုနှစ် ဩဂုတ်လ ဒုတိယပတ်က စတင်နုတ်သိမ်းခဲ့ရာ ယနေ့တွင် မြေပဲစိုက်ခင်းများ အားလုံး ရာနှုန်းပြည့်နုတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် မြေပဲတောင့် ၅၅ ဒသမ ၂၆ တင်းနှုန်းထွက်ရှိကြောင်း သိရသည်။
“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ မြေပဲ ၃၆၁၉ ဧက လျာထားစိုက်ပျိုးခဲ့ရာတွင် ၅၂၆၇ ဧကထိ စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီစိုက်ပျိုးထားတဲ့ မြေပဲစိုက်ခင်းတွေအားလုံး လက်ရှိမှာ ရာနှုန်းပြည့် နုတ်သိမ်းပြီးစီးပြီ ဖြစ်ပါတယ်။ စိုက်ပျိုးရေ ဖူလုံတဲ့အတွက် မြေပဲစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းမှုရှိခဲ့ပြီး အထွက်နှုန်းလဲ ကောင်းမွန်ပါတယ်။ တစ်ဧကကို မြေပဲတောင့်တင်းရေ ၅၅ ဒသမ ၂၆ တင်း ထွက်ရှိပါ တယ်။ မြေပဲစိုက်ခင်းတွေ နုတ်သိမ်းတာနဲ့ပတ်သက်ပြီး အထွက်နှုန်းလျော့နည်းမှုမဖြစ်အောင် အချိန်မီနုတ်သိမ်းခြွေလှေ့နိုင်ရေး၊ နုတ်သိမ်းပြီးမြေပဲများ အရည်အသွေးကောင်းမွန်အောင် အမိုးအကာအောက်သို့ စနစ်တကျ ထားသိုသိမ်းဆည်းတတ်စေရေးအတွက် နည်းပညာပေးတာတွေ ဆောင်ရွက်ပေးခဲ့ပါတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာတွင် ပွင့်ဖြူမြို့နယ်အတွင်းရှိ မြေပဲစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသနဲ့ ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များမှန်ကန်စေရေး၊ GAP နည်းစနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ မြေဩဇာ စနစ်တကျ သုံးစွဲရေး၊ ပိုးမွှားရောဂါကင်းရှင်းရေးစသည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြေပဲကို အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းဆီစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာ စေမည်ဖြစ်၍ မြေပဲကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ထံမှသိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)