ငဖဲ အောက်တိုဘာ ၂
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် သီတင်းကျွတ်လဆန်း ၁၀ ရက်နေ့၌ နှစ်စဉ်ကျင်းပဆောင်ရွက်မြဲဖြစ်သော ဆွမ်းတော်ကြီးလောင်းလှူပွဲကို ယနေ့နံနက် ၈ နာရီက မြို့မရပ်ကွက် မြို့ဦးဘုန်းတော်ကြီးကျောင်းတွင် ဆရာတော်၊ သံဃာတော်များ စုရပ်ပြုလုပ်၍ အဆိုပါကျောင်းရှေ့မှ ဓါတ်တော်ဓမ္မာရုံအထိ မြို့လယ်လမ်းမတစ်လျှောက် စည်ကားသိုက်မြိုက်စွာ ကျင်းပလောင်းလှူခဲ့ကြသည်။
အခုဆွမ်းကြီးလောင်းပွဲကို နှစ်စဉ်ကျင်းပဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင် ဆွမ်းလောင်းလှူပွဲ (၉၆) ကြိမ် ရောက်ရှိပြီဖြစ်၍ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များကို ပင့်ဆောင်ပြီး ဆွမ်းလောင်းလှူပွဲဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဆွမ်းနှင့်ဆွမ်းဟင်းများကိုလည်း ပြည့်စုံစွာလောင်းလှူသွားမည်ဖြစ်ကြောင်း ငဖဲမြို့မရပ်ကွက်မှ ဆွမ်းလောင်းရုံဂေါပကတစ်ဦးက ပြောကြားသည်။
အဆိုပါဆွမ်းတော်ကြီးလောင်းလှူပွဲသို့ မြို့နယ်အတွင်းရှိဘုန်းတော်ကြီးကျောင်း ၃၃ ကျောင်းမှ မြတ်စွာဘုရားအမှူးပြု၍ ဆရာတော်၊ သံဃာတော်နှင့် ရှင်သာမဏေ (၁၉၂)ပါး ကြွရောက်တော်မူပြီး ငဖဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မိသားစုဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများမှ စေတနာရှင်၊ အလှူရှင်များက ဆွမ်း၊ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထူငွေများကို စေတနာသဒ္ဒါတရားထက်သန်စွာ လောင်းလှူခဲ့ကြပြီး လှူဒါန်းမှုအစုစုကို မြို့မရပ်ကွက် ဓါတ်တော်ဓမ္မာရုံတွင် တရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)