ကော့ကရိတ်မြို့၌ အီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ကော့ကရိတ် အောက်တိုဘာ ၁

မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကော့ကရိတ်မြို့၊ အမှတ် (၉၇) ခြေလျင်တပ်ရင်း၌ ပြုလုပ်ကျင်းပခဲ့ရာ တပ်ရင်းမှူး၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိ/စစ်သည် မိသားစုဝင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဦးကျော်ကျော်ဦးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးဖြိုးဝေကျော်က ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးခြင်းနှင့် စပ်လျဉ်း၍ မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုရသည့် ရည်ရွယ်ချက်များ၊ နည်းစနစ်များနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိများ၊ စက်ကိုင်ဆရာမများက တက်ရောက်လာကြသည့် တပ်နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား လက်တွေ့စမ်းသပ်မဲ ပေးခြင်းတို့ကို ပြသပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)