စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် စိုက်ပျိုးရေး ဦးစီးဌာနမှ ပညာရှင်ဝန်ထမ်းများအား နည်းပညာပိုင်းဆိုင်ရာများ အချိန်မရွေး မေးမြန်းဆွေးနွေးနိုင်

ကော့သောင်း အောက်တိုဘာ ၁

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ (၁၀)မိုင်စိုက်ပျိုးရေးဥယျာဉ်ခြံတွင်ကြားသီးနှံ (ဝဥ ၊ ငရုတ်ကောင်း၊ ဟင်းသီးဟင်းရွက် ) စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးဦးမြင့်ဇော််က  အမှာစကားပြောကြားပြီး  ( ၁၀ ) မိုင် ဥယျာဉ်ခြံဦးစီးမှူး ဒေါ်ရီရီစိန်က   နှစ်ရှည်သီးနှံများကြားတွင်ဖြစ်‌စေ၊ဥယျာဉ်ခြံသီးနှံ စိုက်ခင်းကြားတွင်ဖြစ်စေ  ကြားသီးနှံထည့်သွင်းစိုက်ပျိုးခြင်းသည် မြေကွက်လပ်မကျန် စိုက်ပျိုးနိုင်ပြီး တစ်ယူနစ်ဧရိယာအပေါ် အပြည့်အဝ အသုံးချဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် တောင်သူများသည် အဓိကသီးနှံမထွက်ရှိသေးခင် ကြားသီးနှံစိုက်ပျိုးခြင်းမှ  အပိုဝင်ငွေများ ရရှိလာမည်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရာရောက်ပြီး မြေဆီလွှာကို မိုးရေတိုက်စားမှုများမှ ကာကွယ်ပေးနိုင်သည့်အပြင် သဘာဝပတ်ဝန်းကျင်စိုက်ပျိုးရေးဂေဟစနစ်ကို ထိန်းညှိပေးနိုင်သည့် အကျိုးကျေးဇူးများရရှိမည် ဖြစ်ပါကြောင်း၊  အဆိုပါကွင်းသရုပ်ပြပွဲကို  နှစ်ရှည်ပင်ဥယျာဉ်ခြံတွေမှာ အခြားဝင်ငွေရဥယျာဉ်ခြံသီးနှံတွေ စိုက်ပျိုးတတ်လာစေရန်၊ ကြားသီးနှံအဖြစ် စိုက်ပျိုးသည့်အခါ စိုက်ပျိုးထိန်းသိမ်းနည်းစနစ်များကို တောင်သူများ သိရှိလာနိုင်စေရန်၊ ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် တစ်ဖက်တစ်လမ်းမှထောက်ပံ့ ဖြည့်ဆည်းနိုင်ရန်နှင့် မြေဧရိယာချဲ့ထွင်သည့်အခါ အကန့်အသတ်ရှိသည့် နေရာများတွင် မြေတစ်ယူနစ်ဧရိယာကို အပြည့်အဝသုံးစွဲတတ်လာစေရန်နှင့်တောင်သူများ တစ်နှစ်ပတ်လုံး ဝင်ငွေရရှိကာ လူမှုစီးပွားဘဝ တိုးတက်လာစေရန်စသည့် ရည်ရွယ်ချက်(၅)ရပ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် စိုက်ပျိုးရေး ဦးစီးဌာနမှ ပညာရှင်ဝန်ထမ်းများနှင့်ပေါင်းစပ်ကာ နည်းပညာပိုင်းဆိုင်ရာ သိလိုသည်များ အချိန်မရွေး မေးမြန်းဆွေးနွေးနိုင်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍  (၁၀)မိုင် ဥယျာဉ်ခြံဦးစီးမှူးနှင့် တာဝန်ရှိသူများက ဥယျာဉ်ခြံအတွင်း ကြားသီးနှံ (ဝဥ၊ ငရုတ်ကောင်း၊  ဟင်းသီးဟင်းရွက်) သီးနှံများ လက်တွေ့စိုက်ပျိုးကွင်းသရုပ်ပြခဲ့ပြီး တက်ရောက်လာကြသူများက ပူးပေါင်းပါဝင်အားဖြည့်ဆောင်ရွက်ခဲ့ကြသည်။ ယင်း‌နောက်  (၁၀)ဥယျာဉ်ခြံဦးစီးမှူးက ဥယျာဉ်ခြံအတွင်း ကြားသီးနှံများ စိုက်ပျိုးထားရှိမှုများအား  လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရူပါမြင့်(ပြန်/ဆက်)