ကော့သောင်းမြို့တွင်  (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

ကော့သောင်း အောက်တိုဘာ ၁

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့တွင်   (၆၁)နှစ်မြောက်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက  ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပသည်။

အခမ်းအနားတွင် စစ်ဗျူဟာအဖွဲ့(အခြေချ)(ကော့သောင်း)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဟန်လင်းအောင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည်ဆိုတဲ့ မျှော်မှန်းချက်များဖြင့်တည်ဆောက်ရာတွင် နိုင်ငံတော်ကတိုးမြှင့်ဖြည့်ဆည်းပေးမှုများဆောင်ရွက်ပေးနေသကဲ့သို့ တပ်ဖွဲ့ဝင်တစ်ဦးချင်းစီအနေဖြင့်လည်း အဖွဲ့အစည်းကောင်းတစ်ခု၏ အနှစ်သာရဖြစ်သည့် စိတ်ဓာတ်ကောင်းမွန်ရေး၊ စွမ်းရည်ပြည့်ဝ‌ရေးနှင့် တာဝန်ကျေပွန်‌ရေးတို့ကို စဉ်ဆက်မပြတ် ဆက်လက်ခံယူလေ့ကျင့်နေကြမည်ဖြစ်သလို လူမှုအဖွဲ့အစည်းတစ်ရပ်လုံးကိုလည်း ဥပဒေနှင့်အညီလုံခြုံအောင် ရိုးသားကြိုးစားမှုနှင့် ကိုယ်ချင်းစာတရားလက်ကိုင်ထားပြီး အကာအကွယ်ပေး စောင့်ရှောက်သွားကြရန်အထူးမှာကြားလိုကြောင်း၊ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ် နည်းများနှင့်အညီ ဖြောင့်မတ်တည်ကြည် မှန်ကန်စွာအလေးထား ဆောင်ရွက်သွားကြပါ၊ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာတွင်လည်း ရဲလုပ်ငန်းကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာသမတ်ရှိမှုတို့နှင့် ကြိုးပမ်းလုပ်ဆောင်သွားကြရန်၊ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရင်း ပြည်သူလူထုတစ်ရပ်လုံးက လေးစားအားကိုးရလောက်သည့် ဥပဒေဘက်တော်သားများ ဖြစ်လာစေရေး ကြိုးစားဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။

ယင်းနောက် ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်နိုင်က (၆၁)နှစ်မြောက် မြန်မာ နိုင်ငံရဲတပ်ဖွဲ့နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားသည်။ ယင်းနောက် စွမ်းဆောင်ရည်ဆုရရှိကြသော ရဲတပ်ဖွဲ့ဝင်များနှင့် လူပုဂ္ဂိုလ်တို့အား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)