တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားနှင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အခမ်းအနားသို့တက်ရောက်

ထားဝယ်      အောက်တိုဘာ ၁

ယနေ့တွင်ကျရောက်သည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ(၁)၌ ကျင်းပသည်။

အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တပ်ဖွဲ့ဝင် တစ်ဦးချင်းစီ၏ စိတ်ဓာတ်၊စည်းကမ်း၊ ကိုယ်ကျင့်တရား၊ လုပ်ငန်းစွမ်းရည်များပြည့်ဝနေစေရန် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်ပြီး ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ရေးဆိုသည့် ရည်မှန်းချက်တာဝန်(၄)ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် တပ်ဖွဲ့ဖြစ်ကြောင်း၊ မကြာမီ ကျင်းပတော့မည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ပြီးမြောက်ရေးအတွက် ကျရာကဏ္ဍမှ ပူးပေါင်းဆောင်ရွက်သွားကြရန်၊ အရည်အချင်းပြည့်ဝပြီး စွမ်းရည်ထက်မြက်သောမြန်မာနိုင်ငံရဲတပ်ဖွဲ့၏ဂုဏ်ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားမြှင့်တင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရဲမှူးကြီးမြင့်ထွန်းက ရဲချုပ်၏သဝဏ်လွှာကို ဖတ်ကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက ရဲမှုထမ်းကောင်းတံဆိပ်ရရှိသည့်တပ်ဖွဲ့ဝင်လေးဦး၊ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသည့် အကြီးတန်းစာရေးဝန်ထမ်း(၄)ဦးတို့နှင့် မှုခင်းဖော်ထုတ်ရာတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် တပ်ဖွဲ့ဝင်(၂)ဦးတို့အားဆုချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးက ရဲတပ်သားသစ်အများဆုံး စုဆောင်းနိုင်ခဲ့သည့် တပ်ဖွဲ့ဝင်(၃)ဦး၊ ပြေး(၄)ပြေး အများဆုံးဖမ်းဆီးနိုင်သည့် တပ်ဖွဲ့ဝင်(၃)ဦး၊ သင်တန်းထူးချွန်ဆု ရရှိခဲ့သည့် တပ်ဖွဲ့ဝင်(၁)ဦး၊ ပြုန်းတီးမှုအနည်းဆုံး ဆောင်ရွက်နိုင်ခဲ့သည့် ခရိုင်/မြို့နယ်ကိုယ်စားပြု တပ်ဖွဲ့ဝင်(၃)ဦးနှင့် ရဲလုပ်ငန်းပူးပေါင်းဆောင်ရွက်ခဲ့သည့် စစ်မှုထမ်းဟောင်း(၂)ဦး၊ ကူညီဆောင်ရွက်ခဲ့ ကြသူနှစ်ဦးအား ဆုချီးမြှင့်ပြီး ရဲမှူးကြီးဇနီး ဒေါ်စန္ဒာလင်းကနေအိမ်လိုင်းခန်း သန့်ရှင်းရေးဆု ရရှိခဲ့ကြသည့် မိသားစုဝင်(၅)ဦးတို့အား ဆုချီးမြှင့်သည်။

ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ ဗီဒီယိုကလစ်ပြသနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့်တိုင်းဒေသကြီးဝန်ကြီးများ က  ကြည့်ရှုအားပေး သည်။

ဆက်လက်၍ “ဘဝချမ်းသာအခွင့်အရေးများရရှိရေး သက်ကြီးသူများဦးဆောင်ပါဝင်ပေး”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ “အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့”အခမ်းအနားကို သာ့သနာဗိမာန်တော် ကြီး၌ဆက်လက်ကျင်းပရာ ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တက်ရောက်လာကြသူများက အဘိုးအဘွားများအား ကန်တော့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ကြီးပုဂ္ဂိုလ်အရေးကိစ္စသည် သက်ကြီးဘိုးဘွားများနှင့်သာသက်ဆိုင်သည့် ကိစ္စတစ်ခုမဟုတ်ဘဲ အသက်အရွယ်အပိုင်းအခြား အားလုံးမှာရှိသော လူသားအားလုံးနှင့် သက်ဆိုင်ကြောင်း၊ သက်ကြီးဘိုးဘွားများ၏ ဘဝအမှန်တကယ် လုံခြုံမှုရှိရေး အားလုံးဝိုင်းဝန်းပြီး ယခုထက် ပိုမိုတိုးမြှင့် ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အဘိုးအဘွားများအား အလှူငွေများနှင့် ကန်တော့ပစ္စည်းများ ပေးအပ်လှုဒါန်းပြီး အဘိုးအဘွားများကိုယ်စား အဘိုးတစ်ဦးက ဆုတောင်းမေတ္တာပို့သကာ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးသည်။

၂၀၂၅ခုနှစ် “အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အခမ်းအနား” သို့တက်ရောက်လာကြသော ကန်တော့ခံ ဘိုး/ဘွား၃၀အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က တစ်ဦးလျှင် ကန်တော့ငွေနှင့်ကန်တော့ပစ္စည်း စုစုပေါင်းတန်ဖိုးကျပ်၁၅၀,၀၀၀၊တိုင်းဒေသကြီးအတွင်းရှိ အသက်(၁၀၀)နှစ်နှင့်အထက် အဘိုးအဘွား(၅၁)ဦးအတွက် တစ်ဦးလျှင်ကျပ်တစ်သိန်းနှုန်းဖြင့် လည်းကောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အသက်အကြီးဆုံးအဘိုး(၅)ဦးနှင့် အဘွား(၅)ဦးတို့အတွက် တစ်ဦးလျှင် ကျပ်(၂)သိန်းစီ စုစုပေါင်း တန်ဖိုးငွေကျပ် (၁၁၆)သိန်းကို ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)