ပေါက်ခေါင်း အောက်တိုဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ဝက်တိုးကျေးရွာ၌ တစ်ပိုင်တစ်နိုင်စိုက် ပျိုးထားရှိသော ပဲတိုင်ထောင်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုစီးပွားရေး အဆင်ပြေ လျက်ရှိကြောင်း ဝက်တိုးကျေးရွာမှ ပဲတိုင်ထောင်စိုက်ပျိုးသူ တောင်သူတစ်ဦး ထံမှသိရသည်။
အဆိုပါပဲတိုင်ထောင်စိုက်ခင်းများကို ဇွန်လနှင့်ဇူလိုင်လများတွင် စတင်စိုက်ပျိုးပြီး အတောင့် ၅၀ စည်းတစ်စည်းလျှင် ငွေကျပ် ၁၂၀၀နှုန်းဖြင့်ရောင်းချကြပြီး တစ်ခါခူးလျှင် အတောင့်၂၀၀၀ ကျော်ရရှိကာ တစ်လလျှင် ရောင်းချရငွေကျပ် ၇၂၀၀၀၀ ကျော်ရရှိသည့်အပြင် အခြားသီးနှံများ ဖြစ်သည့် ခရမ်းချဉ်သီး၊ ဘူးသီးပင်၊ ဆူးပုတ်ပင်၊ နံနံပင်၊ မုံညှင်း၊ ရွှေပဲသီး၊ ငရုပ်သီးနှင့် ငှက်ပျောပင်များပါ စိုက်ပျိုးထားသောကြောင့် ရောင်းချသည့်အခါ သီးနှံပင်များမှာ ဖြစ်ထွန်း သည့်အတွက် တစ်နှစ်ပတ်လုံး စိုက်ပျိုးရောင်းချရပြီး နေ့စဉ်ပုံမှန်ဝင်ငွေရရှိနေသည့်အတွက် မိသားစုများစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သော တောင်သူလယ်သမားအများ ဆုံးရှိသောကြောင့် စပါးစိုက်ခင်းများအပြင် ဆည်မြောင်းရေဖြင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ ပင်များပါ စိုက်ပျိုးကြပြီး အချို့တောင်သူများမှာ တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသလို အချို့က စီးပွားဖြစ် စိုက်ပျိုးရောင်းချသူများလည်းရှိကြောင်း ဒေသခံပဲတိုင်ထောင်စိုက်ပျိုး ရောင်းချသူများ ထံမှသိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)