ငွေဆောင် အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ခွင့်ရှိစေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများ၌ ယမန်နေ့နံနက် ၇ နာရီအချိန်မှစတင်၍ (ပထမ) အကြိမ်အဖြစ် တစ်ပြိုင်နက်တည်း ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
အဆိုပါမဲဆန္ဒရှင်စာရင်းကပ် ထားရာနေရာများသို့ မြို့အုပ်ချုပ်ရေးမှူးဦးဝင်းမင်းကိုမှ ကွင်းဆင်းကာ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများမှ မဲစာရင်းကြေညာထားမှု အခြေအနေ၊ မဲစာရင်းကို အများပြည်သူများ လာရောက်ကြည့်ရှုမှု အခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့တွင် မဲစာရင်းကြေညာမှုအား (၃၀.၉.၂၀၂၅) ရက်နေ့မှ (၁၃.၁၀.၂၀၂၅) ရက်နေ့အထိ ကြေညာပေးသွားမည်ဖြစ်ပြီး မဲစာရင်းတွင် ပါဝင်ခြင်းမရှိသူများ၊ မဲစာရင်းတွင် ဖြည့်သွင်းနိုင်ရေး၊ မဲစာရင်းတွင် အချက်အလက်များမှားယွင်းပါက ပြန်လည်ပြင်ဆင်နိုင်ရေး၊ ကန့်ကွက်လိုပါက သတ်မှတ်ပုံစံများဖြင့် ကန့်ကွက်နိုင်ရေးအား သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
R – 014 (ငွေဆောင်)