မြိတ် အောက်တိုဘာ ၁
မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မိမိတို့၏ နိုင်ငံသားအခွင့်အရေး မရှုံးဆုံးစေဖို့ ဆန္ဒမဲပေးနိုင်ရန်အတွက် မိမိတို့မဲစာရင်းများအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများ၌ မဲစာရင်းများ ပထမအကြိမ် ကြေညာထားရှိပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည်စာရင်းပါမပါ၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းမှု ရှိမရှိကို သွားရောက်ကြည့်ရှုနိုင်ပြီဖြစ်သည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈) ရက်နေ့တွင် လွတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း (၁) ကို စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်းလိုက်နေ့ရက်များကိုလည်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ကြေညာထားပြီး မြိတ်ခရိုင်အတွင်းရှိ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်များမှ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် မဲဆန္ဒနယ်အသီးသီးအတွက် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ (၃၀) ရက်မှ စတင်ကြေညာထားရှိသည်။
မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့ရပ်ကွက်/ကျေးရွာတွင် မဲစာရင်းကြေညာထားရှိမှုအား မိမိတို့၏ နိုင်ငံသားအခွင့်အရေး မရှုံးဆုံးစေဖို့ ဆန္ဒမဲပေးနိုင်ရန်အတွက် သွားရောက်ကြည့်ရှုပြီး မဲစာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လိုအပ်သောပုံစံများကိုလည်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ထုတ်ယူနိုင်ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
မြိတ်ခရိုင်အတွင်း မြို့နယ်များအလိုက် ရပ်ကွက်/ကျေးရွာအသီးသီးတွင် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိရာ ပြည်သူများလာရောက် ကြည့်ရှုလျက်ရှိကြသည်။ မဲဆန္ဒရှင်စာရင်းများ ကြေညာခြင်းကို စက်တင်ဘာလ (၃၀) ရက်နေ့မှ အောက်တိုဘာလ (၁၃) ရက်နေ့ထိ (၁၄) ရက်ကြာ ကြေညာထားမည်ဖြစ်ကာ သတ်မှတ်ရက်အတွင်း အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်လွှာတင်သွင်းခြင်းများကို ဆောင်ရွက်ရန် လိုအပ်သောပုံစံများကိုလည်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ ထုတ်ယူနိုင်ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)