ကန်ကြီးထောင့် အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့ တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ခွင့်ရှိစေရန်ရည်ရွယ်၍ မဲဆန္ဒရှင်စာရင်းများကို မြို့နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ စက်တင်ဘာလ(၃၀)ရက်နေ့ နံနက် ၆ နာရီအချိန်မှ စတင်၍ (ပထမ) အကြိမ်အဖြစ် တစ်ပြိုင်နက်တည်း ထုတ်ပြန်ကြေညာထားလျက်ရှိရာ ပြည်သူများက လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းကိုလာရောက်ကြည့်ရှုပြီးမိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင်အမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ (၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လိုအပ်သောပုံစံများကိုလည်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ထုတ်ယူနိုင်မည်ဖြစ်သည်။
ထိုသို့ မဲဆန္ဒရှင်စာရင်းကပ်ထားရာနေရာများ၌ မဲဆန္ဒရှင်စာရင်းလာရောက်ကြည့်ရှုမှုများကို မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။ အဆိုပါမဲ ဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းများကို စက်တင်ဘာလ (၃၀) ရက်နေ့မှ အောက်တိုဘာလ (၁၃) ရက်နေ့ထိ (၁၄) ရက်ကြာ ကြေညာထားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)