မအူပင် အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒပေးနိုင်ရန် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မအူပင်မြို့နယ်အတွင်း အသက် ၁၈ နှစ်အထက် မဲပေးနိုင်သူများအား ယနေ့နံနက်ပိုင်းက ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ကြေညာသည်။
မအူပင်မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက် ၁၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၆ အုပ်စုရှိပြီး မဲပေးနိုင်သည့် မဲဆန္ဒရှင် ၂၁၂၄၉၂ ဦး ရှိရာ စက်တင်ဘာ ၃၀ ရက်နေ့မှ အောက်တိုဘာ ၁၃ ရက်နေ့အထိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၏ မဲစာရင်း ကြေညာရန်သတ်မှတ်ထားသော နေရာများတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ မိမိတို့၏ မဲဆန္ဒရှင် စာရင်းအား ကြေညာထားမည်ဖြစ်ပြီး အိမ်ထောင်စု ပုံစံ(၆၆/၆)ရှိပြီး မဲဆန္ဒရှင်စာရင်းတွင် မပါရှိသူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ ခွဲများမှတဆင့် မဲစာရင်းတွင် အမည် ထည့်သွင်းပေးရန် တောင်းဆိုလွှာ ပုံစံ (၃)၊ မဲစာရင်းနှင့် စပ်လျဥ်းသော ကန့်ကွက်လွှာ ပုံစံ (၄)၊ မဲစာရင်းနှင့် စပ်လျဥ်းသောပြင်ဆင်လွှာ ပုံစံ (၄-ဂ) ဖြင့်လျှောက် ထားနိုင်ကြောင်းသိရသည်။
အဆိုပါ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေငြာ ထားရှိမှုအား ခရိုင်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်ဆက်)