ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့မဈေးမြောက်ဘက် စည်ပင်သာယာရေးအဖွဲ့ပိုင် မြေစိုက်ဈေးဆိုင်ခန်း မီးလာင်ကျွမ်းမှုဖြစ်ပွား

ကန်ကြီးထောင့် အောက်တိုဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ အမှတ်(၁)ရပ်ကွက်ရှိ မြို့မဈေး မြောက်ဘက်စည်ပင်သာယာရေးအဖွဲ့ပိုင် (၉x၉)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ မြေစိုက်ဈေးဆိုင်ခန်းတွင် ယမန်နေ့ ည(၀၉:၁၅)နာရီအချိန်ခန့်က မီးလာင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ မီးလာင်ကျွမ်းရာနေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်နှင့်ကော်မတီဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးနှင့် သန္ဓေတပ်ဖွဲ့ဝင်(၂၄)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးလှမြင့် ဦးဆောင်သည့် အသင့်တပ်စု (၄+၂၀)ဦးနှင့် ဌာနဆိုင်ရာများက ချက်ချင်းသွားရောက်၍ တာဝန်သိပြည်သူများနှင့်အတူ မီးငြှိမ်းသတ် ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီး၊ စုစုပေါင်း မီးသတ်ယာဉ် (၄)စီးဖြင့် ငြိမ်းသတ်ခဲ့ကြရာ (၀၉: ၃၀) နာရီအချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး (၀၉ :၄၅)နာရီအချိန်တွင်မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။

မီးလောင်မှုဖြစ်စဉ် အကြောင်းအရင်းမှာ ဈေးဆိုင်ရှိရေခဲသေတ္တာ အပူလွန်ကဲကာ ဘေးနံရံတွင် ဆွေးမြေ့နေသော သစ်သားအား မီးဆွဲလောင်ရာမှ မီးစတင်လောင်ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ဆိုင်ခန်း(၁၈)ခန်းရှိသည့်အနက် ဆိုင်ခန်း(၁၃)ခန်းနှင့် ကုန်ခြောက်ပစ္စည်းများ မီးလောင်ခံရ၍ လူနှင့် တိရိစ္ဆာန်များ ထိခိုက်မှုမရှိခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အမှတ်(၁)ရပ်ကွက်၊ မင်းကုန်းပိုင်လမ်းနေ ဦးမင်းသန်း အသက်(၄၆)နှစ်၊ (ဘ)ဦးရင်ငြိမ်းအား ကန်ကြီးထောင့်မြို့မရဲစခန်းမှ ပုဒ်မ ( ၂၈၅ )၊ ( ပ /၂၀၂၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ကျော်ဇင်စိုး