ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများအား ကိုဗစ်-၁၉ ကာလ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာများထုတ်ပေး

ဒေးဒရဲ  ဒီဇင်ဘာ  ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို ဒီဇင်ဘာလ ၂၁ရက်နေ့ နံနက် (၈:၃၀)နာရီ အချိန်က စတင်ပြီး ကိုဗစ်-၁၉ ကာလ သတ်မှတ်စည်းကမ်း များနှင့်အညီ လူစုလူဝေး မဖြစ်ပေါ်စေရေး  စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထုတ်ပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ  ပင်စင်လာရောက် ထုတ်ယူသူများအား ကိုဗစ်-၁၉ ကာလသတ်မှတ် စည်းကမ်းများနှင့်အညီ စနစ်တကျလက်ဆေးခြင်း၊ ပါးစပ်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သတ်မှတ်အကွာအဝေးအတိုင်းနေစေပြီး ပင်စင်လစာများကို စနစ်တကျ ထုတ်ပေးလျှက်ရှိ‌ကြောင်း သိရသည်။

ဒေးဒရဲမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများရှိ အငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာများကို လူစုလူဝေးမဖြစ်ပေါ်စေရန် ဒီဇင်ဘာလ (၂၁)ရက်နေ့မှ (၂၉)ရက်နေ့အထိ နေ့စဉ် နံနက်(၈:၃၀)မှ မွန်းလွဲ(၂:၀၀)နာရီထိ ထုတ်ပေးသွားမည်ဖြစ်ပြီး သတ်မှတ်ရက်များတွင် လာရောက် ထုတ်ယူခြင်းမရှိသော ပင်စင်စားဝန်ထမ်းများအား ဇန်နဝါရီလဆန်းတွင် ဘဏ်လုပ်ငန်း အချိန်အတွင်း၌ ထုတ်ပေးသွားမည် ဖြစ်ကြောင်းနှင့် ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ယူသူ (၁၀၀၂)ဦးရှိကြောင်း မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာ ဦးအောင်မြတ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)