ဟင်္သာတမြို့နယ်တွင် ထွန်းတောက်ကြယ် နွားမွေးမြူရေး သမဝါယမ အသင်းသားများအား ချေးငွေပေးအပ်ပွဲကျင်းပ

ဟင်္သာတ  စက်တင်ဘာ    ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ထွန်းတောက်ကြယ်နွားမွေးမြူရေး သမဝါယမ အသင်းသားများအားချေးငွေပေးအပ်ပွဲကို စက်တင်ဘာ ၂၈ ရက်နေ့ နေ့လည်ပိုင်းက ဟင်္သာတမြို့ ညောင်ပင်ရပ်ကွက်အလယ်လမ်းရှိ နွေသံဃဒါနဆွမ်းလောင်းအသင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှုး ဦးကျော်စိုးမင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၁၃ခုနှစ် ဒီဇင်ဘာလမှ စတင်ဖွဲ့စည်းတည်ထောင်ခဲ့သော ဟင်္သာတမြို့ ထွန်းတောက်ကြယ် နွားမွေးမြူရေး သမအသင်းအား မတည်ရင်းနှီးချေးငွေ ထုတ်ပေးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဟင်္သာတမြို့ နွားမွေးမြူရေး သမဝါယမအသင်းတွင် ထွန်းတောက်ကြယ် နို့စားနွားအကောင် ၂၀၀ မွေးမြူထားသော သမဝါယမ အသင်းသား ၁၅ ဦးတို့အတွက် နွားမဒန်းမတစ်ကောင်လျင် ပျမ်းမျှကျပ် သိန်း ၂၀ နှုန်းဖြင့် စုစုပေါင်း နွားကောင်ရေ ၂၅ ကောင်ထပ်မံမွေးမြူနိုင်ရေးနှင့် နို့ထုတ်လုပ်မှု မြှင့်တင်ရေး၊ နွားနို့နှင့်ဒိန်ချဉ် ထုတ်လုပ်မှုအခြေအနေနှင့် အသင်းသားများ၏ လိုအပ်ချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး သမဝါယမဦးစီးမှူးမှ  ပံ့ပိုးမတည် ရင်းနှီးငွေ ကျပ်သိန်း(၅၀၀)အား ပေးအပ်ခဲ့ရာ ထွန်းတောက်ကြယ် နွားမွေးမြူရေး သမအသင်းသားများကိုယ်စားအသင်း ဥက္ကဋ္ဌ ဦးအောင်သိန်းဝင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)