သာပေါင်းမြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်စေရေးအတွက် ပထမအကြိမ်မဲစာရင်းများ စတင်ကပ်ထားကြေညာ

သာပေါင်း စက်တင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မြို့နယ်အတွင်းရှိ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်စေရေးအတွက် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် မဲစာရင်းများကို ပထမအကြိမ်အဖြစ် ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့၊ နံနက် ၉ နာရီအချိန်မှစတင်ကာ ကပ်ထားကြေညာပေးထားလျက်ရှိသည်။

သာပေါင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပထမအကြိမ် မဲစာရင်းများ ကပ်ထားမှုကို သိရှိနိုင်စေရေး အသိပေးကြေညာမှုများ ဆောင်ရွက်လျှက်ရှိပြီး မဲစာရင်းများကို (၃၀-၉-၂၀၂၅) ရက်နေ့မှ (၁၃-၁၀-၂၀၂၅) ရက်နေ့အထိ ကပ်ထားကြေညာပေးသွားမည်ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲစာရင်းတွင် မိမိအမည်ပါ၀င်ခြင်း ရှိ/မရှိ လာရောက်ကြည့်ရှုနိုင်ပြီဖြစ်ကြောင်း၊ မိမိအမည်ပါဝင်ခြင်း မရှိသေးပါက မဲစာရင်း၌ အမည်ထည့်သွင်းပေးရန် မိမိကိုယ်တိုင် ပုံစံ(၃)တွင် လိုအပ်သည်များကို ဖြည့်သွင်းရေးသား၍ တောင်းဆိုရမည်ဖြစ်ကြောင်း၊ မဲစာရင်း၌ပါရှိသော အမည်၊ ကျား/မ၊ မွေးသက္ကရာဇ်၊ နိုင်ငံသားစိစစ်ရေးကတ်/မှတ်ပုံတင်အမှတ်၊ မိဘအမည်၊ နေရပ်လိပ်စာတို့ကို ပြင်ဆင်လိုလျှင်လည်းကောင်း၊ မဲစာရင်း၌ပါရှိသော ပုဂ္ဂိုလ်တစ်ဦးဦးကို ကန့်ကွက်လိုလျှင်လည်းကောင်း ပြင်ဆင်လိုသူ(သို့မဟုတ်) ကန့်ကွက်လိုသူကိုယ်တိုင် ပုံစံ(၄) (သို့မဟုတ်) ပုံစံ(၄-ဂ)တွင် လိုအပ်သည်များကို ဖြည့်သွင်းရေးသား၍ ပြင်ဆင်လွှာ (သို့မဟုတ်)ကန့်ကွက်လွှာဖြင့် ပြင်ဆင်/ကန့်ကွက်ရမည်ဖြစ်ကြောင်းနှင့် အဆိုပါ ပထမအကြိမ် မဲစာရင်းများ ကပ်ထားမှုကို သိရှိနိုင်စေရေး အသိပေးကြေညာမှုများ ဆောင်ရွက်လျက်ရှိ‌ကြောင်း သာပေါင်းမြို့နယ်အတွင်း ပထမအကြိမ် မဲစာရင်းအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၉၀၉၇၁)ဦးရှိပြီး မဲဆန္ဒရှင်များ အနေဖြင့် လိုအပ်သော တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ဆောင်ရွက်ပြီးပါက အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ အတွင်းတွင် နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာမည်ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှသိရသည်။

သိန်းမြင့်မျိုးဦး သာပေါင်း ပြန်/ဆက်