ပုသိမ် အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်း/တံတားလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့၊ တံတားအထူးအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ယခင်နှစ် ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလများတွင် မိုးအဆက် မပြတ် ရွာသွန်းခြင်း၊ ရေကြီးရေလျှံမှုများကြောင့် လမ်းတံတားပျက်စီးမှုဖြစ်ပေါ်ခဲ့ရာ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို အချိန်မီဆောင်ရွက်ခဲ့ရပါကြောင်း၊ ယခုနှစ်တွင်လည်း မိုးရွာသွန်းမှုများပြားသည့်အတွက် မိုးတွင်းကာလမှာပင် လမ်းပိုင်းများကြံ့ခိုင်အောင် ထိန်းသိမ်းခြင်းကို ဆောင်ရွက်နေရပါကြောင်း၊ ပွင့်လင်းရာသီကိုရောက်ရှိတော့မည်ဖြစ်၍ ခရီးသွားရာသီစတင်တော့မည်ဖြစ်ရာ လမ်း/ တံတားလုပ်ငန်းများ ဆောင်ရွက်ရာတွင်လူအင်အား၊ စက်အင်အားများဖြင့် အင်ပြည့်အားပြည့် ဆောင်ရွက်သွားရန်လိုပါကြောင်း၊ တံတားလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ကြံ့ခိုင်မှု အားကောင်းစေရေး၊ ချဉ်းကပ်လမ်းများစနစ်တကျရှိစေရေး အလေးထားဆောင်ရွက် သွားရန်လိုပါကြောင်း၊ ရန်ကုန်-ပုသိမ် ကားလမ်းဘေး ရေစီးရေလာကောင်းမွန်စေရေးနှင့် မြေယာ ရှုခင်းများဖြင့် စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်သွားရန်လည်းလိုအပ်မည်ဖြစ်ပါကြောင်း၊ လမ်း/ တံတား လုပ်ငန်းများဆောင်ရွက်ရာတွင် ရရှိသည့်ရန်ပုံငွေဖြင့် ထိထိရောက်ရောက် ဆောင်ရွက် သွားရန်နှင့် တာဝန်ရှိသူများကလည်း စစ်ဆေးကြပ်မတ်သွားရန်လိုပါကြောင်း” အမှာစကားပြော ကြားသည်။
ဆက်လက်၍ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက လမ်း/တံတားလုပ်ငန်း များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ် သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း(တည်ဆောက်ရေး)ရန်ပုံငွေဖြင့် ဧရာဝတီ တိုင်းဒေသကြီး အတွင်းဆောင်ရွက်သည့်လုပ်ငန်းများအတွက် တင်ဒါအောင်ကုမ္ပဏီများ၏ လုပ်ငန်း ဆောင်ရွက်ပြီး စီးမှုအခြေအနေရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရန်ပုံငွေဖြင့်ချထားပေးသည့် အဆောက်အဦများကို တာဝန်ယူဆောက်လုပ်ရာတွင် ဆောက်လုပ်သည့်ကုမ္ပဏီများ အနေဖြင့် အရည်အသွေး အကောင်းဆုံးဖြစ်စေရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေး အလေးထားဆောင်ရွက်သွားရန်လိုပါကြောင်း၊ မိုးနည်းပါးလာသည်ဖြစ်သဖြင့် တည်ဆောက်ရေးလုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်ပြီးသတ်မှတ်ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရာသီဥတု၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရန် အခက်အခဲများရှိပါက အချိန်မီတင်ပြရန်လိုပါကြောင်း၊ သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးများက မိမိတို့မြို့နယ်အတွင်းဆောက်လုပ်နေသည့် ကျောင်းများနှင့်ပတ်သက်၍ ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် တာဝန်ယူဆောက်လုပ်ရသည့်ကုမ္ပဏီများအနေဖြင့် အဆောက်အဦများအား အရည်အသွေးကောင်းကောင်းဖြင့် အချိန်မီတည်ဆောက်သွားနိုင်ရေးအတွက် အလေးထားဆောင်ရွက်သွားကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများေက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးပညာရေးမှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးတို့က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)