ကော့သောင်း စက်တင်ဘာ ၃၀
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တွင် ဒီဇင်ဘာ၂၈ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများဖြစ်သော ပုံစံ(၁)၊ (၁- က) များကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ပထမအကြိမ်အဖြစ်ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရသည်။
မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ (၄) ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များမှားယွင်းနေပါက ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပြီး လိုအပ်သောပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ထုတ်ယူနိုင်သည်။
အဆိုပါ ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက် (၁၃)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၀)အုပ်စု တို့တွင် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ရက်အထိ (၁၄)ရက်ကြာ ကြေညာထားမည် ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)