လောင်းလုံးမြို့နယ်၌ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုလျက်ရှိ

‎‎လောင်းလုံး စက်တင်ဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများတွင် မဲဆန္ဒရှင် စာရင်းများဖြစ်သော ပုံစံ (၁)၊ (၁-က) များကို ယနေ့နံနက်ပိုင်းက ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက လာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရသည်။

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းကိုလာရောက်ကြည့်ရှုပြီးမိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃)ဖြင့် မဲစာရင်းတွင်အမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ (၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများ ကိုဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လိုအပ်သောပုံစံများကိုလည်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ထုတ်ယူနိုင်ကြောင်းသိရသည်။

လောင်းလုံးမြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက်/ကျေးရွာအုပ်စု (၃)အုပ်စုတို့တွင် အဆိုပါမဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းများကို စက်တင်ဘာ (၃၀) ရက်မှ အောက်တိုဘာ (၁၃)ရက်အထိ (၁၄)ရက်ကြာ ကြေညာထားမည် ဖြစ်ကြောင်းသိရသည်။

သိန်းသိန်း(လောင်းလုံး)