တနင်္သာရီမြို့နယ် ရပ်ကွက်/ကျေးရွာရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ်အဖြစ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာ 

တနင်္သာရီ စက်တင်ဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာရှိ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင် စာရင်းများဖြစ်သော ပုံစံ (၁) ၊ (၁- က) များကို ယနေ့နံနက်ပိုင်းက ကပ်ထား ကြေညာလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရသည်။

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းကိုလာရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃)ဖြင့် မဲစာရင်းတွင်အမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများ ကိုဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လိုအပ်သောပုံစံများ ကိုလည်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ ထုတ်ယူနိုင်ကြောင်းသိရသည်။

တနင်္သာရီမြို့နယ်တွင် ရပ်ကွက်(၂)ရပ်ကွက်/ကျေးရွာအုပ်စု (၅)အုပ်စု မဲဆန္ဒရှင်စုစုပေါင်း (၈၉၈၂)ဦး၊ မဲရုံစုစုပေါင်း (၁၀)ရုံ ရှိကြောင်းနှင့် အဆိုပါမဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းများကို စက်တင်ဘာလ (၃၀) ရက်မှ အောက်တိုဘာ (၁၃)ရက်အထိ (၁၄)ရက်ကြာ ကြေညာထားမည် ဖြစ်ပြီး မဲစာရင်းများကြေညာထားရှိမှုအား မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လာရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သီသီခိုင်(တနင်္သာရီ)