ဖျာပုံ စက်တင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးများတွင် မြို့နယ်အတွင်းရှိဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများ၏ မဲစာရင်းများကို ပထမအကြိမ်မဲစာရင်း ကပ်ထားကြေညာမှုအားယနေ့ နံနက်ပိုင်းက ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါပထမအကြိမ်မဲစာရင်း ကပ်ထားကြေညာမှုအား လိုက်လံကြည့်ရှုရာတွင်ဖျာပုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးသန့်ဇင်လတ်၊ ဖျာပုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်လင်းဦး၊ ဖျာပုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း၊ ဖျာပုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးမြင့်ဇော်နှင့် အဖွဲ့ဝင်များကဖျာပုံမြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ်ကပ်ထားကြေညာသည့် မဲစာရင်းတွင်အမည်စာရင်းမပါ၀င်သူ များက ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းပေးရန် တောင်းခံခြင်း၊ မပါ၀င်သင့်သူများအား ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်းနှင့် မဲစာရင်းပါအချက်အလက်များ မှားယွင်းမှုများအား ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
ဖျာပုံမြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့မှ အောက်တိုဘာလ (၁၃) ရက်နေ့အထိ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာသွားမည်ဖြစ်ပြီး ကြေညာထားစဥ်မဲဆန္ဒရှင်များက မဲစာရင်းလာရောက်ကြည့်ရှုမှသာ ပြည့်စုံမှန်ကန်သော မဲစာရင်းရရှိနိုင်မည် ဖြစ်ကြောင်းနှင့် အထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများအား (၂၀၂၅) ခုနှစ်၊ နိုဝင်ဘာလအတွင်း နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကသိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)