အိမ်မဲမြို့နယ်အတွင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေ ညာလျက်ရှိရာပြည်သူများလာရောက်ကြည့်ရှုလျက်ရှိ

အိမ်မဲ စက်တင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာများတွင် မဲဆန္ဒရှင် စာရင်းများဖြစ်သော ပုံစံ (၁) ၊ (၁-က) များကို ယနေ့နံနက်ပိုင်းက ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက လာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရသည်။

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းကိုလာရောက်ကြည့်ရှုပြီးမိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃)ဖြင့် မဲစာရင်းတွင်အမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ (၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လိုအပ်သောပုံစံများကိုလည်းသက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ထုတ်ယူနိုင်ကြောင်းသိရသည်။

အိမ်မဲမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စု (၁၀၂)အုပ်စု၊ ကျေးရွာခွဲ (၅၀၅)ရွာမှ မဲဆန္ဒရှင်စုစုပေါင်း (၁၂၆၉၅၂)ဦး၊ မဲရုံစုစုပေါင်း (၁၁၂)ရုံ ရှိကြောင်းနှင့် အဆိုပါမဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ ခြင်းများကို စက်တင်ဘာလ (၃၀) ရက်နေ့မှ အောက်တိုဘာလ (၁၃)ရက်နေ့ထိ (၁၄)ရက်ကြာ ကြေညာ ထားမည် ဖြစ်ကြောင်းသိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)