မုံရွာ စက်တင်ဘာ ၃၀
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်လျှက်ရှိသည့် ပုံမှန်ကာလတို အသက်မွေးဝမ်းကျောင်း သင်တန်းများထဲမှ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery)အမျိုးမျိုး ထုတ်လုပ်နည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ ၂၉ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးရှိ Incubation Centre တွင် ကျင်းပရာ သင်တန်းဆင်းပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုလိုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းအားဖြင့် လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့်လည်း မိမိတို့သင်ယူခဲ့သည့် ပညာရပ်များအား အသုံးချပြီး ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်သွားပါက နိုင်ငံတော်၏ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သွင်းကုန်အစားထိုး ပို့ကုန်အမယ်များ မြှင့်တင်ခြင်းကိုလည်း အထောက်အကူပြုမည် ဖြစ်ပါကြောင်းနှင့် သင်တန်းမှပို့ချပေးလိုက်သည့် သင်တန်းစာများ အားလက်တွေ့ပြန်လည်အသုံးချပြီး အောင်မြင်သည့် လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တန်ဖိုးမြှင့် စားသောက်ကုန်(Bakery)အမျိုးမျိုး ထုတ်လုပ်နည်းပညာသင်တန်းသို့ တက်ရောက်ခဲ့ကြသည့် သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးထံ သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီးက သင်တန်းမှရရှိသည့် ထုတ်ကုန်ပစ္စည်းများအား သင်တန်းသူတစ်ဦးထံ ပေးအပ်ခဲ့သည်။
ဆက်လက်၍ တန်ဖိုးမြှင့်စားသောက်ကုန်(Bakery)အမျိုးမျိုး ထုတ်လုပ်နည်းပညာသင်တန်းသို့ တက်ရောက်ခဲ့ကြသည့် သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တန်းတင်ဓါတ်ပုံရိုက်ကူးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား/ သင်တန်းသူများကိုယ်တိုင် ပြုလုပ်ထားသည့် တန်ဖိုးမြှင့်စားသောက်ကုန်(Bakery) အမျိုးမျိုးတို့အား ကြည့်ရှုခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးရှိ စားသောက်ကုန်အမျိုးမျိုးအား စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းစေရေးအတွက် ဓါတ်ခွဲခန်းအတွင်း လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ၁၃၈၇-ခုနှစ်၊ သီတင်းကျွတ်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ၁၃၈၇-ခုနှစ်၊ သီတင်းကျွတ်ပွဲတော်အား စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ကော်မတီများအနေဖြင့် မိမိတို့အား ပေးအပ်ထားသည့်တာဝန်များအား ကျေပွန်စွာထမ်းဆောင်သွားကြရန်နှင့် ဌာနများအချင်းချင်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသူများ အနေဖြင့်လည်း လိုအပ်သည်များ ဖြည့်စွက်အကြံပြုဆွေးနွေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ၁၃၈၇-ခုနှစ်၊ သီတင်းကျွတ်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကော်မတီများဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းများစီမံဆောင်ရွက်ထားရှိမှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ မိမိတာဝန်ယူဆောင်ရွက်မည့်ကော်မတီများအလိုက် ၁၃၈၇-ခုနှစ်၊ သီတင်းကျွတ်ပွဲတော် စည်ကားသိုက်မြိုက် စွာကျင်းပပြုလုပ်နိုင်ရေးအတွက် အခမ်းအနားပြင်ဆင်ရေး၊ စတုဒီသာကျွေးမွေးရေး၊ မီးပုံးပျံလွှတ်တင်ရေး၊ ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေး၊ သယ်ယူပို့ဆောင်ရေး၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်သွားမည့် အခြေအနေများအား Power Point ဖြင့် အသီးသီးရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် မုံရွာမြို့ပေါ်ရှိ ဘုရားစေတီများမှ ဂေါပကအဖွဲ့များ၊ ကိုယ်ပိုင်ကျောင်းများ၊ ကိုယ်ပိုင်ဆေးရုံများ၊ လုပ်ငန်းရှင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ၁၃၈၇-ခုနှစ်၊ သီတင်းကျွတ်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များ ဖြည့်ဆည်းဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)