ရေဖြူမြို့နယ်၌ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာမှုကို ပြည်သူများ လာရောက်ကြည့်ရှု

ရေဖြူ စက်တင်ဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်/‌ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများဖြစ်သော ပုံစံ (၁)၊ (၁-က) များကို စက်တင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းက ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းကိုလာရောက်ကြည့်ရှုပြီး မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လိုအပ်သောပုံစံများကိုလည်း သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ထုတ်ယူနိုင်ကြောင်း သိရသည်။

ရေဖြူမြို့နယ်တွင် ရပ်ကွက် (၈) ရပ်ကွက်/ ကျေးရွာအုပ်စု (၇) အုပ်စုတို့တွင် အဆိုပါမဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းများကို စက်တင်ဘာလ (၃၀) ရက်နေ့မှ အောက်တိုဘာလ (၁၃) ရက်နေ့ထိ (၁၄) ရက်ကြာ ကြေညာထားမည်ဖြစ်ကြောင်း သိရသည်။

ခတ္တာ