မင်းဘူး စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် ယနေ့မှစတင်ပြီး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာဓမ္မာရုံများတွင် ကပ်ထားကြေညာထားရှိကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုအခြေအနေများကို မင်းဘူးခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်တာဝန်ရှိသူများက သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန် မဲစာရင်းများပါ အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေး အလေးထားဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အဆိုပါ မဲစာရင်းများကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာ ၁၃ ရက်နေ့အထိ ၁၄ ရက်ကြာ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာဓမ္မာရုံများတွင် ပထမအကြိမ်အဖြစ် ကပ်ထားကြေညာမည်ဖြစ်ကြောင်း၊ ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ကပ်ထားကြေညာနိုင်ခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်ကော်မရှင်ကအဖွဲ့ခွဲရုံးများတွင် မဲစာရင်းများကြည့်ရှုနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမည်ဖြစ်ကာ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာစဉ်ကာလ မဲဆန္ဒရှင်များက မဲစာရင်းလာရောက်ကြည့်ရှုမှသာ ပြည့်စုံမှန်ကန်သောမဲစာရင်းများကို ရရှိနိုင်မည်ဖြစ်သည်။
မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်မိဘပြည်သူများအနေဖြင့် မဲစာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည်နှင့် မိသားစုဝင်များ၏ အမည်စာရင်းများ မဲစာရင်းတွင်မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များမှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို ဆောင်ရွက်နိုင်ကြောင်းနှင့် လိုအပ်သောပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ ထုတ်ယူနိုင်ကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးပါက အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာမည်ဖြစ်ကာ မဲဆန္ဒရှင်ပြည်သူများအနေဖြင့်လည်း လိုအပ်သော တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ထပ်မံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရန်အတွက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးတစ်ဦးက မပျက်မကွက် လာရောက်ကြည့်ရှုစစ်ဆေးနိုင်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)