မြဝတီ စက်တင်ဘာ ၃၀
ကရင်ပြည်နယ်၊ မြဝတီ ခရိုင်၊ မြဝတီမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအ ထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများအား ပထမအကြိမ် ကပ်ထားကြေညာခြင်းကို စက်တင်ဘာ ၃၀ နေ့နံနက်မှစ၍ ရပ်ကွက် (၁) ၊ (၂) ၊ (၃ ) ၊ (၄)၊ (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့တွင် ကပ်ထားကြေညာခဲ့သည်။
အဆိုပါ မဲစာရင်းများကပ်ထားကြေညာမှုကို မြဝတီမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် အဖွဲ့ဝင်များက မဲရုံအလိုက် လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအနေဖြင့် မဲဆန္ဒရှင်စာရင်းတွင် မပါရှိပါက မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်နှင့် မိမိအချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်ပေးနိုင်ရေး လျှောက်ထားရန်တို့အား ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲ၊ အဖွဲ့ဝင်တို့က ရှင်းလင်းပြောကြားပေးသည်။
မြဝတီမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မြို့ပေါ်ရပ်ကွက် (၇) ရပ်ကွက်ရှိ မဲရုံ (၃၅) ရုံ၊ တပ်မဲရုံ (၁၁) ရုံ၊ စုစုပေါင်း (၄၆) ရုံရှိကြောင်းနှင့် မဲစာရင်းများကို ၃၀-၉-၂၀၂၅ ရက်နေ့မှ ၁၃-၁၀-၂၀၂၅ ရက်နေ့အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေညာမည်ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူစုစုပေါင်း (၄၅၁၇၀) ဦးရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)