တောင်တွင်းကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွား

တောင်တွင်းကြီး စက်တင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် ယနေ့နံနက်က မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံလျက်ရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြိုနယ်တွင် ယနေ့နံနက်(၁)နာရီခန့်က စတင်၍ မိုးများသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့ပြီး တောင်ကျချောင်းရေများစီးဝင်မှုကြောင့် စက်စက်ယိုချောင်းနှင့် ယင်းမလည်ချောင်းတို့တွင် ရေလျှံတက်ခဲ့ပြီး ယနေ့နံနက်(၁၁)နာရီအချိန်ခန့်မှစ၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့ရှိ လူနေအိမ်များ၊ ဌာနဆိုင်ရာရုံးအချို့နှင့် တောင်တွင်း-ပြည်လမ်းအနိမ့်ပိုင်းနေရာများတွင်လည်း ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါရေဝင်ရောက်သည့် ရပ်ကွက်များသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ရေသန့်များ လိုက်လံဝေငှပေးလျက်ရှိကြောင်းနှင့် တောင်တွင်း-ပြည်လမ်းတလျှောက် ရေဖြတ်သန်းစီးဆင်းလျက်ရှိသည့် အနိမ့်ပိုင်းနေရာများတွင် ဖြတ်သန်းသွားလာသည့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စုဝင်များက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်၏ မိုးရွာသွန်းမှုအနေဖြင့် ယနေ့နံနက်(၉)နာရီအချိန် တိုင်းထွာချက်အရ မိုးရေချိန်(၄.၀၉)လက်မဖြစ်ကြောင်း မြို့နယ်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)