ကံမမြို့နယ်၌ ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

ကံမ စက်တင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ လာမည့်ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများအား ယနေ့ နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာများတွင် ကြော်ငြာဘုတ်များဖြင့် ကြေညာထားကြောင်း သိရသည်။

အဆိုပါမဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာ (၃၀) ရက်မှ အောက်တိုဘာ (၁၃) ရက်အထိ ရက်သတ္တပတ် (၂)ပတ်ကြာ ကပ်ထားကြေညာထားရှိမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်မပါရှိပါက ပုံစံ (၃)ဖြင့် တောင်းဆိုရမည်ဖြစ်ကြောင်း မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ရမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းတွင် မိမိနာမည်၊ မှတ်ပုံတင်၊ အဘအမည် စသဖြင့် မှားယွင်းနေပါက ပုံစံ ၄(က)ဖြင့် ပြင်ဆင်ရမည်ဖြစ်ကြောင်း အထက်ပါပုံစံများအား ရပ်ကွက်/ကျေးရွာကော်မရှင်ခွဲများထံတွင် အခမဲ့ထုတ်ယူနိုင်ကြောင်း  မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)