ဆင်ပေါင်ဝဲ စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ခွင့်ရှိစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယနေ့ နံနက်ပိုင်းမှစ၍ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းကပ်ထားရာနေရာများသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရပ်ကွက်၊ ကျေးရွာမဲဆန္ဒရှင်များ၏ မဲစာရင်းလာရောက်ကြည့်ရှုနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ထုတ်ပြန်ထားသော မဲဆန္ဒရှင်စာရင်းများတွင် အကြောင်းအမျိုးမျိုးကြောင့် အမည်စာရင်းမပါရှိသူများသည် ထပ်တိုးစာရင်း ပုံစံ (၃)ဖြင့်လည်းကောင်း၊ မဲဆန္ဒရှင်အချက်အလက်များပြင်ဆင်လိုပါက ပုံစံ(၄-ဂ)ဖြင့် လည်းကောင်း၊ မဲစာရင်းနှင့်စပ်လျဥ်း၍ ကန့်ကွက်လိုပါက ပုံစံ(၄)ဖြင့်လည်းကောင်း ဖြည့်စွက်၍ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲများတွင် မဲစာရင်းထုတ်ပြန်ကြေညာသည့် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်အတွင်း ပြင်ဆင်လျှောက်ထားနိုင်ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)