သရက်မြို့နယ်အတွင်း မဲစာရင်းများ ကပ်ထားမှုအား လိုက်လံကြည့်ရှု

သရက် စက်တင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်း မဲစာရင်းများ ပထမအကြိမ် ကပ်ထားကြေညာထားရှိမှုအား မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီကစတင်၍ မြို့ပေါ် (၈)ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် မဲကြော်ငြာဘုတ်များကပ်ထားပြီး လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၁၃ ရက်နေ့ထိ (၁၄) ရက်ကြာ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပထမအကြိမ်အဖြစ် ကပ်ထားကြေညာထားမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ကပ်ထားကြေညာနိုင်ခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် မဲစာရင်းကြည့်ရှုနိုင်ရေး ဆောင်ရွက်ပေးထားလျက်ရှိသည်။

သရက်မြို့နယ်အနေဖြင့် ရွေးကောက်ပွဲကျင်းပပေးနိုင်သည့် ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၃) အုပ်စုမှာ ရွေးကောက်ပွဲကျင်းပပေးသွားမည်ဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းတွင် မိမိ၏အမည် မပါဝင်ပါက ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုနိုင်ပါကြောင်း၊ စာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ အချက်အလက်များမှားယွင်းပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းနိုင်ပါကြောင်း သိရှိရသည်။

ဇော်ထက်(သရက်)