ပခုက္ကူမြို့၊ သမိုင်းဝင်သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒခံယူပွဲနှင့် ဂုဏပူဇာဩဝါဒါစရိယ မော်ကွန်းလွှာဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ပခုက္ကူ စက်တင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ သမိုင်းဝင်သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒခံယူပွဲနှင့် ဂုဏပူဇာဩဝါဒါစရိယမော်ကွန်းလွှာ ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ပထမဦးစွာ ကြွရောက်လာကြသော ဆရာတော်သံဃာတော်များနှင့် ဧည့်သည်တော်များက နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တာ့၍ အခမ်းအနားဖွင့်လှစ်ကြပြီး ပခုက္ကူမြို့ မဟာဝိဇယာရာမပါဠိတက္ကသိုလ် (အရှေ့)တိုက် ပဓာနမဟာနာယက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဆရာတော်အရှင်သူမြတ်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ပခုက္ကူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာရဲနှင့် တာဝန်ရှိသူများ၊ သီဟိုဠ်ရှင်မြတ်စွာဘုရာကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးလှဖုန်းနှင့်ဂေါပကအဖွဲ့ဝင်များက ဩဝါဒစရိယဆရာတော် ၁၂ ပါးတို့အား ဂုဏပူဇာဩဝါဒါစရိယ မော်ကွန်းလွှာဆက်ကပ်လှူဒါန်းခြင်း၊ နာယကကြီး ၁၀ ဦးအား ဂုဏ်ပြုမော်ကွန်းလွှာ ပေးအပ်ခြင်းများ ဆောင်ရွက်ကြပြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးလှဖုန်းက ဩဝါဒခံယူပွဲနှင့် ဂုဏပူဇာဩဝါဒါစရိယမော်ကွန်းလွှာဆက် ကပ်လှူဒါန်းပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်း လျှောက်ထားသည်။

ထို့နောက် ပခုက္ကူမြို့၊ သာသနဝိပုလာရာမ(မန္တလေး)တိုက် ပဓာနနာယက နိုင်ငံတော်သံဃာ့ ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တဇာနေယျ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တအရိယဝံသ (အဂ္ဂမဟာပဏ္ဍိတ)နှင့် မဟာဝိသုတာရာမ(အလယ်)တိုက် ပဓာနမဟာနာယက နိုင်ငံတော်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တပညာဇောတ(အဂ္ဂမဟာပဏ္ဍိတ)တို့ထံမှ အနုမောဒနာတရား နာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)