စေတုတ္တရာ စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်စံပြရပ်ကွက်ရှိ စည်ကျစ်တောင်ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ ချမ်းသာကြီးစေတီတော်နှင့် ဘုန်းကျိုက်ကျမ်းစေတီတော်တို့အား ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်တို့က နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ကြပြီး စည်ကျစ်တောင်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။ ထို့နောက် အလှူရှင်များနှင့် တာဝန်ရှိသူများက ရွှေထီးတော်ဘုံအဆင့်ဆင့်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့ကို ဆရာတော်အရှင်သူမြတ်များထံသို့ ဆက်ကပ်လှူဒါန်းပေးခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။
ထို့နောက် ရွှေထီးတော်တင်လှူပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟိန်းထက်အောင်နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဂေါပကအဖွဲ့ဝင်များက ရွှေထီးတော်ဘုံအဆင့်ဆင့်အား ယာယီစံကျောင်းတော်မှ ပန်းရထားသို့ ပင့်ဆောင်ခဲ့ပြီး ပထမဘုံအဆင့်၊ ဒုတိယဘုံအဆင့်၊ တတိယဘုံအဆင့်၊ စတုတ္တဘုံအဆင့်၊ ပဉ္စမဘုံအဆင့်၊ ဆဋ္ဌမဘုံအဆင့်၊ သတ္တမဘုံအဆင့်၊ အဋ္ဌမဘုံအဆင့်၊ နဝမဘုံအဆင့်၊ ဆပ်သဖူးတော်၊ ဟင်္သာမင်း၊ ရွှေပန်းခိုင်၊ ငွေပန်းခိုင်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့ကို တင်လှူပူဇော်ခဲ့ကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ တာဝန်ရှိသူများ၊ အလှူရှင်များက ဗုဒ္ဓသာသနံစိရံတိဋ္ဌသုံးကြိမ်ရွတ်ဆိုပြီး ရတနာရွှေမိုး၊ ငွေမိုးများရွာသွန်းဖြိုးခဲ့သည်။ ယင်းနောက် ဆရာတော်သံဃာတော်များနှင့် တာဝန်ရှိသူများက ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်း ကျင်းပပြုလုပ်ခဲ့ပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေခဲ့ကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြောင်း သိရသည်။
ဇာဇာငြိမ်း(ပြန်/ဆက်)