ငဖဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပထမအကြိမ် ကပ်ထားကြေညာ

ငဖဲ စက်တင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပထမအကြိမ် ကပ်ထားကြေညာခြင်းကို ယနေ့နံနက် ၈ နာရီမှစ၍ ရပ်/ ကျေးကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆောင်ရွက်ရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

အဆိုပါမဲစာရင်းများကို မြို့နယ်အတွင်းရှိရပ်/ ကျေးကော်မရှင်အဖွဲ့ခွဲရုံးများတွင် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ၁၄ ရက်ကြာပထမအကြိမ်အဖြစ် ကပ်ထားကြေညာမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာစဥ် မဲဆန္ဒရှင်များက မိမိအမည်ပါ၊ မပါ လာရောက်ကြည့်ရှုရမည်ဖြစ်ကြောင်း၊ မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များမှားယွင်းနေပါက ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် အဆင့်ဆင့်ဆောင်ရွက်ပြီးပါက မဲဆန္ဒရှင်စာရင်းကို ထပ်မံ၍ကပ်ထားကြေညာမည်ဖြစ်သည်။

ငဖဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို ပထမအကြိမ်ကပ်ထားကြေညာရာ မဲဆန္ဒရှင်ပြည်သူ ၄၁၄၃၁ ဦး ရှိကြောင်း သိရသည်။

မယု(ငဖဲ)