ပွင့်ဖြူမြို့ အမှတ် (၁) အခြေခံပညာမူလတန်းကျောင်း၌ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြော

ပွင့်ဖြူ စက်တင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ စနစ်တကျ အမှိုက်စွန့်ပစ်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ယမန်နေ့နေ့က ပွင့်ဖြူမြို့ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းတွင် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် ဝန်ထမ်းများက ပွင့်ဖြူမြို့အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် မြို့ပြသန့်ရှင်းသာယာလှပစေရေးအတွက် အမှိုက်များကို အမှိုက်စို၊ အမှိုက်ခြောက်၊ အန္တရာယ်ရှိသော အမှိုက်၊ ပလတ်စတစ်အမှိုက်ဟူ၍ အမှိုက်အမျိုးအစားခွဲခြား၍ ဝါ ၊ စိမ်း ၊ နီ ၊ ပြာ အရောင်ဖြင့် သတ်မှတ်အမှိုက်ပုံးအတွင်းသို့ စနစ်တကျခွဲခြားစွန့်ပစ်ရေးတို့ကိုအသိပညာပေး ဆွေးနွေး ဟောပြောသည်။

ထို့နောက် အသိပညာပေးဟောပြောပွဲ တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးဟောပြောသည့် အကြောင်းအရာများနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ရေးဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များကို လိုက်လံဝေငှပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)