နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံ၊ နတ်မောက်ရေလွှဲဆည်နှင့် ပင်းကန်ရေလှောင်တမံတို့မှ ရေကျော်စီးဆင်းမှုမရှိဘဲ ကြံ့ခိုင်ကောင်းမွန်

နတ်​မောက် စက်တင်ဘာ ၃၀

နတ်မောက်မြို့နယ်တွင် စက်တင်ဘာ ၂၈ ရက်နံနက်ပိုင်းက မိုးသည်းထန်စွာရေသွန်းမှုကြောင့် ယင်းချောင်းရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး နတ်မောက်ရေလှောင်တမံ၊ နတ်မောက်ရေလွှဲဆည်နှင့် ပင်းကန်ရေလှောင်တမံတို့မှ ရေကျော်စီးဆင်းမှုမရှိဘဲ ကြံ့ခိုင်ကောင်းမွန်မှုရှိကြောင်း မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ သိရသည်။

မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုများပြားသောကြောင့် နတ်မောက်ရေလွှဲဆည်မှ စက်တင်ဘာ ၂၈ ရက်နံနက် ၇ နာရီခန့်တွင် ရေမှတ် ၂ဒသမ၅ပေ ရေကျော်စီးဆင်းခဲ့ပြီး မွန်းလွဲ ၂ နာရီခွဲခန့်တွင် ရေကျော်စီးဆင်းမှုရပ်တန့်ခဲ့ကြောင်း၊  နတ်မောက်ရေလှောင်တမံ၏ ရေမှတ်မှာ စက်တင်ဘာ ၂၈ ရက် ညနေ ၆ နာရီတွင် ၆၇၇ ဒသမ ၂ ပေ၊ ရေလှောင်ပမာဏမှာ ၈၀၀၇၁ ဧကပေဖြစ်ကာ ကန်ရေပြည့်မှတ်သို့ ရောက်ရှိရန် ၅ ဒသမ ၈ ပေဖြစ်ကြောင်း၊ ပင်းကန်ရေလှောင်တမံ၏ ရေမှတ်မှာ စက်တင်ဘာ ၂၈ ရက် ညနေ ၆ နာရီတွင် ၉၂ ဒသမ ၈ ပေ၊ ရေလှောင်ပမာဏမှာ ၇၂၀ ဧကပေဖြစ်ကာ ကန်ရေပြည့်မှတ်သို့ရောက်ရှိရန် ၀ ဒသမ ၇၅ ပေဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ယင်းချောင်းအတွင်း စီးဝင်နေသော နတ်မောက်ရေလှောင်တမံနှင့် ပင်းကန်ရေလှောင်တမံတို့၏ ရေပိုလွှဲများမှ ရေကျော်စီးဆင်းမှုမရှိကြောင်းနှင့် ရေဆင်းဧရိယာတွင် မုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုများပြားသောကြောင့် ယင်းချောင်းတစ်လျှောက်ရေစီးဆင်းမှု များပြားခဲ့ခြင်းဖြစ်ကာ ယခုလက်ရှိတွင် ယင်းချောင်းတစ်လျှောက်ရေစီးဆင်းမှု လျော့နည်းသွားပြီဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ သိရသည်။

လှဝင်း