နတ်မောက်မြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ

နတ်မောက် စက်တင်ဘာ ၃၀

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်မှ နတ်မောက်မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို  ယမန်နေ့လယ် (၂)နာရီ အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က နတ်မောက်မြို့နယ် မယ်ဇလီပင်ကျေးရွာမှ ရေဘေးကြောင့် သေဆုံးသူ(၆)ဦးအတွက် နှင့် နေအိမ်မျောပါပျက်စီးမှုအတွက် မိသားစုဝင်ဖြစ်သူ ဦးတင်ရွှေထံသို့ငွေများ ထောက်ပံ့ပေးအပ်ပြီး ၊ တပ်နယ်မှူး တောင်တွင်းကြီး တပ်နယ်ဗိုလ်မှူးချုပ် ထွန်းထွန်းနိုင်က စည်သာကျေးရွာအုပ်စု၊ ကျွဲမကျ ကျေးရွာမှ ရေဘေးကြောင့်သေဆုံးသူ(၁)ဦးအတွက်နှင့် နေအိမ်မျောပါပျက်စီးမှုအတွက်  စည်သာကျေးရွာအုပ်ချုပ်ရေးမှူး ဦးညွန့်လင်းထံသို့ ထောက်ပံ့ငွေပေးအပ်ခဲ့သည်။ ထို့နောက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းက စည်သာကျေးရွာအုပ်စု၊ ကျွဲမကျကျေးရွာမှ ရေဘေးကြောင့် သေဆုံးသူ(၁)ဦးအတွက်နှင့် နေအိမ်မျောပါ ပျက်စီးမှုအတွက် စည်သာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးညွန့်လင်းအား ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ထို့နောက် လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးတို့က နတ်မောက်မြို့ အောင်ဆန်းရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား ဆန်၊ ခေါက်ဆွဲနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ရေဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း