ပွင့်ဖြူ စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန်အတွက် ဈေးရောင်းဈေးဝယ်သူများအား ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းကို ယမန်နေ့က ပွင့်ဖြူမြို့မ စည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ဦးဆောင်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ဈေးကော်မတီဝင်များနှင့်အတူ ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်၍ ဈေးအပြင်ဘက်ခြမ်းရှိ ဈေးရောင်းဈေးဝယ်သူများကိုတွေ့ဆုံ၍ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ဈေးရောင်းဈေးဝယ်ရာတွင် သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေသော ပလတ်စတစ်အိတ်များနှင့် ပလတ်စတစ်ပစ္စည်းများကို သုံးစွဲခြင်းမပြုကြရန်၊ ဈေးဝယ်လာသူများအနေဖြင့် မိမိတို့နေအိမ်မှ ထည့်စရာတစ်ခုခုကို တစ်ပါတည်းယူဆောင်လာကြရန်၊ ဈေးရောင်းပြီးချိန်တိုင်း သန့်ရှင်းရေးမပြတ်ဆောင်ရွက်ကြရန် စသည့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး လုပ်ငန်းများကို အသိပညာပေး ပြောကြားသည်။
ထို့နောက် ဝန်ထမ်းများပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးအပြင်ဘက်ခြမ်းရှိ ဈေးဆိုင်ခန်းများမှ ဈေးရောင်းဈေးဝယ်များကို ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဈေးရောင်းဈေးဝယ်ရာတွင် အသုံးပြုရန် အင်ဖက်၊ ငှက်ပျောဖက် ၊ ကြာဖက် ၊ စက္ကူတို့ကို လိုက်လံဝေငှပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)