မြို့သစ် စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းကစတင်၍ မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ယမန်နေ့နံနက် ၁၀ နာရီအချိန် ဆည်ရေတိုင်းထွာချက်အရ စွန်ဆည်နှင့် ဆဒ္ဒန်ဆည် ရေလှောင်တမံရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅) ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၂၅)ဒသမ ၆၀) ပေရှိသည့်အတွက် ရေပိုလွှဲမှ( ၀ ဒသမ ၆ပေ)၊ ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၅၆၀ ဒသမ ၅၀)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ(၅၆၀ ဒသမ ၇၀)ပေရှိသည့်အတွက် ရေပိုလွှဲမှ( ၀ ဒသမ ၂ ပေ)ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း၊ စွန်ဆည်နှင့် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲတို့မှ ရေကျော်ကျမှုရှိသော်လည်း ဆည်၏ ဆက်စပ်အဆောက်အအုံများကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာအခြေအနေမရှိကြောင်း၊ ဆည်အခြေအနေနှင့်ပတ်သက်၍ သိရှိနိုင်ရန် ဝန်ထမ်းများအား အလှည့်ကျရေကင်းတာဝန်ချထားကာ ဆည်အောက်ပိုင်းရှိကျေးရွာနေ ပြည်သူများဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆည်အနီးနှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် အရေးပေါ်အခြေအနေအဆင့်(၁)အဖြစ် အစိမ်းရောင်အလံများလွှင့်ထူကာအချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးပေါ်တင့်ထံက သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)