ဇီးကုန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှု တောင်ကျရေစီးဝင်မှုကြောင့် နေအိမ်နှင့်ခြံဝန်းများအတွင်း ရေများဝင်ရောက်လျက်ရှိ

ဇီးကုန်း စက်တင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် စက်တင်ဘာ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မင်းဘူးချောင်းရေလျှံတက်ခဲ့ပြီး ချောင်းတစ်လျှောက်ရှိ အမှတ်(၁)ရပ်ကွက်တွင် အိမ်ခြေ (၉၈)အိမ်၊ အမှတ်(၂)ရပ်ကွက်တွင် အိမ်ခြေ(၉၁)အိမ်၊ အမှတ်(၃)ရပ်ကွက်တွင် အိမ်ခြေ(၁၄၅)အိမ်၊ သရက်တပင်ကျေးရွာအုပ်စုတွင် အိမ်ခြေ(၁၄၅)အိမ်၏ အိမ်များအတွင်း (၂)ပေခန့် ရေဝင်ရောက်လျက်ရှိပြီး ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် (၁၂၈/ဝ)မိုင်နှင့် (၁၂၈/၂)မိုင်ကြား ကားလမ်းမအပေါ် ရေ(၁)လက်မခန့် ဖြတ်ကျော်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ချောင်းရေလျှံတက်လာမှုကြောင့် ရေဝင်ရောက်လျက်ရှိသော ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ထမင်းထုပ်များ ဝေငှပေးခြင်း၊ ကျန်းမာရေးမကောင်းသူများ၊ သက်ကြီးရွယ်အိုများအား ရေလွတ်ရာသို့ ရွှေ့ပြောင်းခြင်းများ ဆောင်ရွက်ထားရှိပါကြောင်းနှင့် လူနှင့်တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိပါကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)