ကမမောင်း စက်တင်ဘာ ၃၀
ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ပထမအကြိမ်ကပ်ထား ကြေညာခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများတွင် စတင်ဆောင်ရွက် ကြောင်း သိရသည်။
အဆိုပါ မဲစာရင်းများကို စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ပထမအကြိမ်အဖြစ် ကပ်ထားကြေညာမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာစဉ် မဲဆန္ဒရှင်များက မဲစာရင်းလာရောက်ကြည့်ရှုမှသာ ပြည့်စုံမှန်ကန်သော မဲစာရင်း ရရှိနိုင်မည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းကိုလာရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်းတွင်မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုအပ်သောပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူနိုင်ကြောင်း၊ ထိုသို့ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ပြီးပါက အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို နိုဝင်ဘာလအတွင်းတွင် နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာမည်ဖြစ်ကြောင်း မဲဆန္ဒရှင်များအနေဖြင့်လည်း လိုအပ်သောတောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ထပ်မံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖာပွန်ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးဝေဠုအောင်ထံမှ သိရသည်။
ကမမောင်း (ပြန်/ဆက်)