ပုသိမ် စက်တင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် စက်တင်ဘာလ (၂၄) ရက်နေ့ ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ ဟင်္သာတမြို့နယ်၊ ခေါင်းဆေးကျွန်းကျေးရွာသို့ သွားရောက်၍ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းသီးနှံ ပဲပုပ်-ပဲကြီး ရောနှော တစ်ကွင်းတစ်စပ် ဧက (၇၀) စိုက်ခင်းအား ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်၊ ခေါင်းဆေးကျွန်းကျေးရွာရှိ တောင်သူဦးမျိုးလွင်ဦး၏ စိုက်ဧက (၃) ဧကတွင် စိုက်ပျိုးထားသည့် ပဲပုပ်(ဆီတိုးရွက်ချွန်း)မျိုးစိုက်ပျိုးထားရှိမှုများနှင့် အောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးပြီး ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှု၊ တစ်ဧကအထွက်နှုန်းနှင့် အောင်မြင်ဖြစ်ထွန်းမှုအ ခြေအနေများမေးမြန်းခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများပိုမိုတိုးတက်စိုက်ပျိုးစေရေး၊ ဆီထွက်နှုန်းကောင်းမွန်သည့် မျိုးများအသုံးပြုစိုက်ပျိုးစေရေးနှင့် ဆီကြိတ်ခွဲထုတ်လုပ်နိုင်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် မြန်အောင်ခရိုင်နှင့် ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီများ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီများ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်းဆီဖူလုံရေးအတွက် ပဲပုပ်-ပဲကြီး ရောနှော ဧက(၁)သိန်းကိုစိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပဲပုပ်စိုက်ပျိုးခြင်းဖြင့် စရိတ်ကုန်ကျမှုသက်သာစေပြီး တောင်သူများအတွက်များစွာ အကျိုးရှိမည်ဖြစ်ပါကြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ စသည့် ဆီထွက်သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိပြီး ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက် တွန်းအားပေးကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖွဲနုဆီထုတ်လုပ်နိုင်ရေးအတွက်လည်း ဖွဲနုဆီကြမ်းစက်ရုံများ တည်ဆောက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများထံမှစိုက်ပျိုးထွက်ရှိသော ပဲပုပ်များကိုဝယ်ယူရန်အတွက် ပဲပုပ်ဈေးကွက်ရှိပြီးဖြစ်ပါကြောင်းနှင့် ဆီကြိတ်ခွဲထုတ်လုပ်နိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများအတွက် စိုက်ပျိုးစရိတ်ကာမိပြီး အကျိုးအမြတ်ရှိရန် စီမံဆောင်ရွက်ပေးနိုင်ရေးနှင့် စပါးဈေးနှုန်းသင့်တင့်မျှတစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပဲပုပ်စိုက်ဧကများ သတ်မှတ်ကာလအတွင်း စိုက်ဧကပြည့်မီရေးအတွက်လည်း ကြိုးပမ်းသွားကြစေလိုကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် ဆန်စက်လုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များ၊ တိုင်းဒေသကြီး ပဲ၊ ပြောင်း၊ နှမ်း၊ အသင်းဥက္ကဋ္ဌ၊ ပဲပုပ်၊ ပဲကြီးစိုက်တောင်သူတို့နှင့် အစည်းအဝေးသို့တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ် (ပြန်/ဆက်)