ထားဝယ် စက်တင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီးသစ်တောဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပင်လယ်ကမ်းရိုးတန်းဒေသ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှု (ICM)အစီအစဉ်ပထမ (၅) နှစ်စီမံချက်အရ ဒီရေတောထိန်းသိမ်းရေးနှင့်ဒေသခံပြည်သူအစုအဖွဲ့ သစ်တောလုပ်ငန်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်သူနာပြုသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က ဒီရေတော ထိန်းသိမ်းရေး၊ ဒီရေတောများ၏ အကျိုးကျေးဇူးများ၊ ဆောင်ရန်ရှောင်ရန်သိရှိလိုက်နာရမည့်အချက်များနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာအကြောင်းအရာများကို အသိပညာပေး ဟောပြောသည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူနှင့်ဆရာ/ဆရာမများ၏ သိရှိလိုသည်များကို ပြန်လည်ဖြေကြားပြီး တက်ရောက်လာသူများအားသစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)