ပုသိမ် စက်တင်ဘာ ၂၉
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အေရိုးဗစ်၊ ဘိလိယက်နှင့် စနူကာပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာ ၂၅ ရက် နေ့လည်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူတက်ရောက်၍ အောင်နိုင်ရေးအလံပေးအပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးအေရိုးဗစ်အသင်းနှင့် ဘိလိယက်နှင့်စနူကာအသင်းများမှ အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အေရိုးဗစ်အသင်းအုပ်ချုပ်သူနှင့် ဘိလိယက်နှင့်စနူကာအသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအားရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးကိုယ်စားပြု အေရိုးဗစ်အသင်းအနေဖြင့် စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိပြီး တိုးတက်လာသည် ကိုတွေ့ရှိရသောကြောင့် အောင်မြင်မှုများ ရရှိမည်ယုံကြည်ပါကြောင်းနှင့် မျှော်မှန်းထားသည့်ဆုတံဆိပ်များရရှိအောင် ကြိုးစားကြရန်လိုကြောင်း၊ အားကစားအောင်နိုင်ရေးအတွက် အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်မှု၊ တစ်ဦးချင်း၏ အားကစားစိတ်ဓာတ်တို့ဖြင့် ဆုတံဆိပ်များရရှိအောင် လေ့ကျင့်သားပြည့်ဝစွာဖြင့် ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း၊ ဘိလိယက်နှင့်စနူကာအသင်းအနေဖြင့် ဆုတံဆိပ်များရရှိရေး ကြိုးစားကြရန်လိုပါကြောင်း၊ အားကစားသမားအနေဖြင့် ကျန်းမာကြံ့ခိုင်စေရေး ဂရုစိုက်နေထိုင်ကြရန်နှင့် လေ့ကျင့်မှုမပြတ် လုံ့လဝိရိယထား ဆောင်ရွက်ကြရန်လိုကြောင်း၊ တိုင်းဒေသကြီးအတွက် အောင်မြင်မှုများရရှိစေရေးနှင့် ဆုတံဆိပ်များရရှိရေးအတွက် အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်ကြစေလိုကြောင်း” တိုက်တွန်း ပြောကြားပြီး ၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အေရိုးဗစ်၊ ဘိလိယက်နှင့် စနူကာပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား အောင်နိုင်ရေး အလံနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ် (ပြန်/ဆက်)